(က) မဟာမေဒင်
မဟာမေဒင် တရားဥပဒေဟာ မဟာမေဒင် ဘာသာဝင် မဟုတ်သူနဲ့ မဟာမေဒင် ဘာသာဝင်ပုဂ္ဂိုလ် ထိမ်းမြား လက်ထပ်တာကို တင်းတင်းကျပ်ကျပ် တာမြစ် ပိတ်ပင်ထားတယ်။ လက်ထပ်ထိမ်းမြားတာကို အသိအမှတ်မပြုရဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်အနေနဲ့ မဟာမေဒင် ဘာသာကို ကူးပြောင်းပြီး အဲ့ဒီ ထုံးတမ်းဥပဒေအရ ထိမ်မြားခြင်းမပြုရင် တရားမ၀င်ဘူး။ တည်မြဲခိုင်မာမှု မရှိဘူးလို့ ရှေးဟောင်းစီရင်ထုံးတွေမှာ ထုံးဖွဲ့ထားတာ ရှိတယ်။
သမီးတစ်ယောက်ရှိတဲ့ ဗုဒ္ဓဘာသာဝင် မိခင် မုဆိုးမတစ်ယောက်ဟာ မဟာမေဒင်ဘာသာကို ကူးပြောင်းပြီး အဲ့ဒီ ဘာသာဝင် ယောက်ျား တစ်ယောက်နဲ့ အိမ်ထောင်သစ် ပြုလိုက်တယ်။
မိန်းမ သေဆုံးသွားတဲ့အခါ ဗုဒ္ဓဘာသာဝင်သမီးက အမွေရလိုကြောင်း တောင်းဆိုတဲ့အခါ မဟာမေဒင် ဘာသာဝင်တစ်ယောက်ရဲ့ အမွေကို မဟာမေဒင်ဘာသာဝင် မဟုတ်သူတစ်ယောက်က အမွေဆက်ခံခွင့် မှရှိဘူလို့ ဆုံးဖြတ်ခဲ့ဖူးတာ ရှိတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေရဲ့ ဆုံးရှုံးနစ်နာမှုကိုအခွင့်အရေးပေးဖို့အတွက် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထုး ထိမ်မြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။
အဲဒီ အက်ဥပဒေပုဒ်မ ၂၀ အရ မဟာမေဒင် ဘာသာဝင်ယောက်ျားတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦးတို့ အကြင်လင်မယားအဖြစ် အထင်အရှား ပေါင်းသင်းနေထိုင်ခဲ့ရင် မဟာမေဒင် တရားဥပဒေနဲ့ ဓလေ့ထုံးတမ်းတွေက ဘယ်လိုပဲ ဆိုထား ဆိုထား ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှု၊ အမွေဆက်ခံမှု ဥပဒေအရ ထိမ်းမြားခဲ့တယ်လို့ မှတ်ယူနိုင်ကြောင်း ပြဋ္ဌာန်းထားတယ်။
သူတို့ရဲ့ လင်မယားကွာရှင်းရေး ကိစ္စ၊ ပစ္စည်းခွဲဝေရေးကိစ္စနဲ့ သားသမီးထိန်းသိမ်းရေး ကိစ္စ အားလုံးကို မြန်မာဓလေ့ထုံးတမ်း ဥပဒေအရသာ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်။
(ခ) ဟိန္ဒူ
ဟိန္ဒူဘာသာမှာ (၁) ဗြာဟ္မဏ (၂) ခတ္တိယ (၃) ဝေဿနဲ့ (၄) သုဒ္ဒ ဇာတ်လေးမျိုး ရှိတယ်။ အဲဒီ ဇတ်လေးမျိုးဝင် ဟိန္ဒူနဲ့ မြန်မာဗုဒ္ဓဘာသာ ထိမ်းမြားလက်ထပ်ဖို့ ဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးလို့ စီရင်ထုံးဟောင်း တစ်ချို့မှာ ဆုံးဖြတ်ထားတယ်။
ဒိုရာမိုးနဲ့ မရွှေမဲဆိုတာရှိတယ်။ သူတို့နှစ်ဦး ၁၆ နှစ်အထိ လင်မယားအဖြစ် အတူတူနေထိုင်ခဲ့ကြတယ်။ အဲဒီကာလအတွင်းမှာ အိမ်တစ်ဆောင်ဝယ်ခဲ့ကြသေးတယ်။ ဒိုရာမိုးဟာ ဟိန္ဒူဖြစ်တယ်လို့ သက်သေထွက်ချက်ရှိတယ်။ ဇာတ်ကပယ်ထားသူဖြစ်တဲ့အကြာင်းကန့်ကွက်ချက်လည်း မရှိခဲ့ဘူး။ ကလေးခြောက်ယောက် ရခဲ့ကြတယ်။ ဒါပေမယ့် အတူတူမစားဘူးလို့ ထွက်ချက်အရ သိရတယ်။ ဒါကြောင့် ဒိုရာမိုးဟာ ဟိန္ဒူတရားဥပဒေနဲ့ သက်ဆိုင်တယ်လို့ မရွှေမဲကို တရားဝင်မယား မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ကြဖူးတယ်။
ဒါပေမယ့် နောက်ပိုင်း ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းများ အထူးထိမ်းမြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၀ အရ ဟိန္ဒူဘာသာဝင် ယောက်ျားတစ်ယောက်နဲ့ ဗုဒ္ဓဘာသာဝင် မိန်းမတစ်ဦး အကြင်လင်မယားအဖြစ် အထင်အရှား ပေါင်းသင်းနေထိုင်ခဲ့တာမှန်ရင် ဟိန္ဒူတရားဥပဒေနဲ့ ဓလေ့ထုံးတမ်း တွေက ဘယ်လိုပဲဆိုဆို သူတို့နေထိုင်ပေါင်းသင်းတဲ့ အချိန်ကစပြီး (၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းများ အထူးထိမ်းမြားမှုနဲ့ အမွေဆက်ခံမှုအက်ဥပဒေ) အရ ထိမ်းမြားခဲ့ကြတယ်လို့ မှတ်ယူနိုင်တယ်။ သူတို့ရဲ့ လင်မယားကွာရှင်းရေး ကိစ္စ၊ ပစ္စည်းခွဲဝေပေးရေးကိစ္စနဲ့ သားသမီးထိန်းသိမ်းရေး ကိစ္စတွေမှာလဲ မြန်မာဓလေ့ထုံးတမ်းဥပဒေအရပဲ ဆုံးဖြတ်ဖို့ရှိတယ်။
(ဂ) ခရစ်ယာန်
မြန်မာဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ခရစ်ယာန်ဘာသာကို မကူးပြောင်းပဲ ခရစ်ယာန်ဘာသာဝင်တစ်ယောက်နဲ့ တရာဝင်း ထိမ်းမြားခြင်းမပြုနိုင်ဘူးလို့ ဆိုပေမယ့် ၁၈၇၂ ခုနှစ် ခရစ်ယာန် ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေ ပုဒ်မ ၄ နဲ့ ၅ မှာ ဘာသာမပြောင်းဘဲ ထိမ်းမြားနိုင်ကြောင်း ဖော်ပြ ထားတာကို တွေ့ရပါတယ်။
တကယ်လို့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ခရစ်ယာန်ဘာသာကို ကူးပြောင်းပြီး ခရစ်ယာန်ဘာသာဝင်တစ်ယောက်နဲ့ အခိုင်အမှာ ထိမ်းမြားပြီးကာမှ ဗုဒ္ဓဘာသာသို့ တစ်ဖန် ပြန်ဝင်လာခဲ့လို့ရှိရင် အဲ့ဒီသူဟာ မြန်မာ ဗုဒ္ဓဘာသာတွေလို နောက်ထပ် အိမ်ထောင်မပြုနိုင်ဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခရစ်ယာန် ထိမ်းမြားလက်ထပ်ခြင်း အက်ဥပဒေအရ ဘာသာကူးပြောင်း ခြင်းဟာ ထိမ်းမြားခြင်းကို မပျက်ပြယ်တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ယခုအခါမှာတော့ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှု အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၀ အရ ခရစ်ယာန် ဘာသာဝင် ယောက်ျားတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦး အကြင်လင်မယားအဖြစ် အထင်အရှား ပေါင်းသင်းနေထိုင်ခဲ့တာ မှန်ရင် ခရစ်ယာန် ဥပဒေက ဘယ်လိုပဲ ဆိုထား ဆိုထား သူတို့ နေထိုင်ပေါင်းသင်းချိန်ကစပြီး (၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်မများ အထူး ထိမ်းမြားမှုနဲ့ အမွေဆက်ခံမှုအက်ဥပဒေ) အရ ထိမ်းမြားခဲ့ကြတယ်လို့ မှတ်ယူနိုင်တယ်။ သူတို့ရဲ့ လင်မယားကွာရှင်းမှုကိစ္စ၊ ပစ္စည်းခွဲဝေရေးကိစ္စနဲ့ သားသမီးထိန်းသိမ်းရေးကိစ္စတွေမှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရသာ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်။
(ဃ) တရုတ်
မြန်မာနိုင်ငံမှာ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးနဲက ကွန်ဖြူးရှပ် ဘာသာဝင် တရုတ်တို့ အခိုင်အမာ ထိမ်းမြားလက်ထပ်နိုင်တယ်။
တရုတ် ဗုဒ္ဓဘာသာဝင်နဲ့ မြန်မာဗုဒ္ဓဘာသာ ၀င်တွေ တရားဝင် ထိမ်းမြားလက်ထပ်နိုင်ကြပေမယ့် ထိမ်းမြားလက်ထပ်တဲ့နေရာမှာ မြန်မာနဲ့ တရုတ် ဓလေ့ထုံးတမ်း နှစ်ရပ်စလုံးအရ ဆောင်ရွတ်ဖို့လိုတယ်လို့ ထုံးဟောင်း တစ်ခုက ဆိုပါတယ်။
တရုတ်ဗုဒ္ဓဘာသာတွေဟာ မြန်မာ ဓလေ့ထုံးတမ်းဥပဒေနဲ့ သက်ဆိုင်တဲ့ အတွက် တကယ်လို့ တရုတ်အမျိုးသားဟာ ထိမ်းမြားလက်ထပ်ရေးမှာ မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ မသက်ဆိုင်ချင်ရင် အောက်ဖော်ပြပါအချက်တွေကို ထင်ရှားအောင် ပြုရမယ်လို့ ဆိုတယ်။
၁။ သက်ဆိုင်ရာ တရုတ် ဓလေ့ထုံးတမ်းဟာ မြန်မာနိုင်ငံမှာ တရား ဥပဒေကဲ့သို့ အတည်ဖြစ်လျက် ဖြစ်ကြောင်း။
၂။ အဲဒီ ဓလေ့ထုံးတမ်း ဟာ မြန်မာ ဓလေ့ထုံးတမ်းဥပဒေနဲ့ ဆန့်ကျင်ကြောင်း
၃။ အဲဒီ ဓလေ့ထုံးတမ်းဟာ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးအပေါ် မှာ မတရားမှု မဖြစ်ကြောင်း။
တကယ်လို့ တရုတ်အမျိုးသားဘက အထက်ဖော်ပြခဲ့တဲ့ အချက် သုံးချက်ကို ထင်ရှားအောင် ပြနိုင်ခဲ့ရင် ထိမ်းမြားလက်ထပ်ရေးဟာ မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ သက်ဆိုင်တယ်လို့ ဆုံးဖြတ် ထုံးဖွဲ့ထားခဲ့ပါတယ်။
၂။ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ
ဘာသားခြားယောက်ျားတွေနဲ့ အိမ်ထောင်ပြုရတဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတွေရဲ့ အခြေအနေ ဆိုးဆိုးရွားရွား မဖြစ်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက် ၁၉၃၉ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအမှတ် ၂၄ အရ (ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှု နှင် အမွေဆက်ခံမှု အက်ဥပဒေ) ကို အင်္ဂလိပ်လို ပြဋ္ဌာန်းထားခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်ကြောင့် လူသိ အင်မတန်နည်းတာမို့ ၁၉၅၄ ခုနှစ်မှာ ၁၉၃၉ ခုနှစ် ဥပဒေကို ရုပ်သိမ်းပြီး ( ဗုဒ္ဓဘာသာဝင်မိန်းများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေ) ကိုမြန်မာဘာသာနဲက ပြဋ္ဌာန်း အတည်ပြုခဲ့ပါတယ်။ (ယင်းဥပဒေ အပြည့်အစုံကို စာအုပ်ရဲ့ နောက်ဘက်မှာ နောက်ဆက်တွဲအဖြစ် မူရင်းအတိုင်း ဖော်ပြပေးထားပါတယ်။)
ဒီဥပဒေ ပြဋ္ဌာန်းချက်ဟာ တခြား တည်ဆဲတရားဥပဒေ/ဓလေ့ထုံးတမ်းနဲ့ ဘယ်လိုပဲ ဆန့်ကျင် ဆန့်ကျင် ဗုဒ္ဓဘာသာသင် မိန်းမများနဲ့ အဲဒီမိန်းမရဲ့ ဗုဒ္ဓဘာသာဝင်မဟုတ်တဲံ လင်ယောက်ျားတိုင်းအပေါ်မှာ အာဏာသက်ရောက်မှု ရှိတယ်။
ပီဘူရီးယား ဆိုတဲ့ ဟိန္ဒူဘာသာဝင် အိန္ဒိယအမျိုးသားတစ်ယောက်ဟာ ၁၉၆၄ ခုနှစ် ရန်ကုန်မှာ ကွယ်လွန်သွားတယ်။ သူ့အလုပ်နဲ့ ပတ်သတ်ပြီး ရဖို့ရှိတဲ့ငွေ၊ အိုနာစာ ရန်ပုံငွေတို့အတွက် အိန္ဒိယပြည်မှာနေထိုင်တဲ့ သူ့ရဲ့ မယား ပီရာဂျမျှားနဲက မြန်မာပြည်မှာရှိတဲ့ မြန်မာ ဗုဒ္ဓဘာသာ ဇနီး မခင်သိန်း တို့အတွက် အမွေဆက်ခံဖို့ သက်သေခံလက်မှတ် ယှဉ်လျှောက်လာကြတယ်။
မခင်သိန်းနဲ့ ပီဘူရီးယားတို့ဟာ ၁၉၅၄ ခုနှစ်ကစပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ကြတယ်။ ပီရာဂျမျှားက မခင်သိန်းဟာ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေအရ ထိမ်းမြားမှုကို မှတ်ပုံတင်မထားတဲ့အတွက် တရားဝင်မယား မဖြစ်ဘူးလို့ ဆိုပါတယ်။ ကွယ်လွန်သူက ၁၉၅၇ ခုနှစ်မှာ အိုနာစာရံပုံငွေကို သူ့ကိုပေးဖို့ အမည်စာရင်း တင်သွင်းထားကြောင်း တင်ပြလာပါတယ်။
တရားရုံးက ဆုံးဖြတ်ရာမှာ ပုဒ်မ ၂၀ (၁၀) အရ ဘူရီးယားနဲက မခင်သိန်း တို့ဟာ တရာဝင် လက်ထပ်ခဲ့တယ်လို့ ယူဆရမှာ ဖြစ်တဲ့အကြောင်းနဲ့ ပုဒ်မ ၄၊ ၂၆ တို့အရ အိုနာစာရန်ပုံငွေကို ပီရာကျမျှားကိုပေးဖို့ အမည်စာရင်းတင်သွင်းခဲ့စေဦးတော့ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခွင့် ရရှိတဲ့သူဟာ မခင်သိန်းသာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ကွယ်လွန်သူမဟာမေဒင် ဘာသာဝင်တစ်ဦးရဲ့ ပစ္စည်းတွေအတွက် အမွေဆက်ခံဖို့ သက်သေခံလက်မှတ်ရလိုကြောင်း ဗုဒ္ဓဘာသာဝင် ဇနီးက လျှောက်ထားလာတဲ့အခါ ကွယ်လွန်သူရဲ့ဖခင်က ကွန့်ကွက်ပြီး ပြိုင်ဆိုင် လျှောက်ထားလာတယ်။
ကွယ်လွန်သူနဲက ဗုဒ္ဓဘာသာဝင် မယားတို့ဟာ ၁၉၂၆ ခုနှစ်မှာ ထိမ်းမြားလက်ထပ်ပြီး အကြင်လင်မယားအဖြစ် ပေါင်းသင် နေထိုင်ကြသူတွေ ဖြစ်တယ်။
ကွယ်လွန်သူရဲ့ ဖခင်က ကွယ်လွန်သူဟာ မဟာမေဒင် ဘာသာဝင်တစ်ဥိးဖြစ်ပြီး သူ့ရဲ့ အမွေပစ္စည်းတွေကို မဟာမေဒင် ဥပဒေအရသာ စီမံခန့်ခွဲရမှာ ဖြစ်ကြောင်း တင်ပြလာပါတယ်။
ဒီအမှုကို တရားရုံးချုပ်က ဆုံးဖြတ်ရာမှာ သေသူဟာ ကွယ်လွန်စဉ်က မဟာမေဒင် ဘာသာဝင်ဖြစ်ပေမယ့် သူ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မဟာမေဒင် ဥပဒေနဲ့ စီမံခန့်ခွဲခြင်း မပြုနိုင်ကြောင်း၊ ဗုဒ္ဓဘာသာဝင် မိန်းမတွေအဖို့ အခြား ဘာသာဝင် ယောက်ျားတွေနဲ့ နှစ်ပေါင်း မြောက်မြားစွာ ပေါင်းသင်းနေထိုင်ပြီး သားသမီးတစ်ကျိပ် ထွန်းကားတဲ့တိုင်အောင် တရားဝင်မယား မဖြစ်ဘဲ အမျှော် အပျော် မယားအဆင့်မှာပဲ တင်းတိမ်ခဲ့ရကြောင်း၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှာ နစ်နာဆုံးရှုံးခဲ့ရကြောင်း၊ ဗုဒ္ဓဘာသာဝင် မိန်းမတွေရဲ့ အခွင့်အရေးကို အကာကွယ်ပေးနိုင်ဖို့( ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေ) ကို ပြဋ္ဌာန်းပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ဒါ့ကြောင့် ဥပဒေပါ ပြဋ္ဌာန်းချက်ဟာ ကွယ်လွန်သူရဲ့ မဟာမေဒင်ဥပဒေကို လွှမ်းမိုးတယ်လို့ ယူဆရမှာဖြစ်ကြောင်း အကျယ်တ၀င့် ထုံးဖွဲ့ထားတယ်။
တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဆုံးဖြတ်တဲ့အမှုမှာ ကွယ်လွန်သူ ရောဘတ်အာချီဘောနစ်ကို (ခေါ်) ဦးဆန်နီ ဆိုသူဟာ ၁၉၆၂ ခုနှစ်က ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပြီး ပြည့်သူ့ဘဏ်မှာ သူစုဆောင်းထားတဲ့ငွေနဲ့ မြေတွေ၊ အဆောက်အုံတွေ အတွက် အမွေထိန်းစားရဖို့ ဦဆန်နီရဲ့ ပထမ မယားက မွေးတဲ့သမီးရယ်၊ ဒုတိယမယားရယ် ယှဉ်ပြီး လျှောက်ထားကြတယ်။
ဦးဆန်နီဟာ ခရစ်ယာန်ဘာသာကိုးကွယ်သူ ဖြစ်တယ်။
ပထမ မယားနဲ့ မွေးတဲ့ သမီးကိုတော့ အိန္ဒိယပြည်မှာနေပြီး ဗြိတိသျှ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်တယ်။
ဦးဆန်နီနဲ့ ပထမ မယားတို့ ဟာ တရားဝင် ကွာရှင်းခဲ့ပြီးဖြစ်တယ်။
ဦးဆန်နီနဲ့ ဒုတိယဇနီး ဒေါ်မြရွှေတို့ဟာ မြန်မာ ဗုဒ္ဓဘာသာ ဓလေ့ ထုံးတမ်းအရ ထိမ်းမြား လက်ထပ်ခဲ့တယ်။
ဒီအမှုမှာ ပုဒ်မ ၄ နဲ့  ၂၀ တို့ အရ ဦးဆန်နီနဲ့  ဒေါ်မြရွှေတို့ ဟာလင်မယားအဖြစ် ပေါင်းသင်းချိန်ကစပြီး အဲဒီ ဥပဒေအရ ထိမ်းမြားလက်ထက်ခဲ့တယ်လို့  မှတ်ယူရမှာဖြစ်တဲ့အတွက် ပုဒ်မ ၂၆ အရ ဒေါ်မြရွှေသာ ဦးဆန်နီရဲ့ အမွေကို
ဆက်ခံခွင့် ရှိသူဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တယ်။
မြန်မာတိုင်းရင်းသား အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေး အခွင့်အရေးနဲ့ ပတ်သက်တဲ့ အမှုတစ်မှုမှာ တစ်ကြိမ်တစ်ခါက ဘာသာရေး၊ လူမျိုးရေးနဲ့ လူမှုရေးကိစ္စတွေကို ရောထွေးကျင့်သုံးခဲ့ကြလို့ အိမ်ထောင်ရေးကိစ္စမှာ တိုင်းရင်းသား အမျိုးသ မီးတွေများစွာနစ်နာခဲ့ရကြောင်း၊ တရားရုံးတွေမှာ အိမ်ထောင်ရေးမှုခင်းတွေ မမျှမတ ဖြစ်ခဲ့ရကြောင်း၊မြန်မာနိုင်ငံ တရားရုံး တွေက နိုင်ငံတွင်းနေတိုင်းရင်းသားတို့  လက်ခံကျင့်သုံးတဲ့ ဓလေ့ထုံးတမ်းဥပဒေကို လေးစားရမယ့်အစား နိုင်ငံခြားသား ယောက်ျားလက်ခံတဲ့ ဥပဒေကို ဦးစားပေးတာတွေ ရှိခဲ့ကြောင်း ဖော်ပြထားတယ်။
တရားရုံးတွေက သူတို့ ရဲ့ အိမ်ထောင်ရေး အရေးအခင်းတွေမှာ နိုင်ငံခြားဥပဒေကို ရှာဖွေသုံးသပ်နေဖို့ မလိုဘဲ တိုင်းရင်းသားတွေ နားလည်ကျင့်သုံးတဲ့ ဓလေ့ထုံးတမ်း ဥပဒေကိုသာ ကျင့်သုံးရမယ်လို့ လဲ ထုံးဖွဲ့ ထားတယ်။
၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားမှုနဲ့  အမွေ ဆက်ခံမှု အက်ဥပဒေနဲ့  ပတ်သက်တဲ့အထဲမှာ နိုင်
ငံတော် တရားစီရင်ရေးသမိုင်းမှတ်တိုင်တစ်ခုလို့  မှတ်တမ်းတင်ခြင်းခံရတဲ့ အမှုတစ်မှု ရှိခဲ့ဖူးပါတယ်။
အဲဒီအမှုကတော့ ဒေါ်ကြည်ကြည်နဲ့  မစ္စစ်မေရီဝိန်အမှုပါပဲ။
နိုင်ငံခြားယောက်ျားကို လင်ပြုနေရတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးငယ်တွေရဲ့ အငယ်အနှောင်းသဖွယ် ဘ၀ဆိုးကိုကယ်တင်ပေးခဲ့တဲ့(သို့ )လွတ်မြောက်စေခဲ့တဲ့အမှုပဲ။ တရားဝင် မယားအရာသို့ ပို့ဆောင်ပေးခဲ့တဲ့ အမှုလို့ ဆိုရပါမယ်။
ကိုတင်ဝိန်နဲ့ မစ္စစ်မေရီဝိန်တို့ဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူတွေဖြစ်တယ်. ခရစ်ယာန်ထိမ်မြားခြင်း အက်ဥပဒေအရ ထိမ်းမြား လက်ထပ်ခဲ့ကြတယ်။
ကိုတင်ဝိန် ကွယ်လွန်တဲ့အခါ ဒေါ်ကြည်ကြည်က သူဟာ ဦးတင်ဝိန်ရဲ့ တရားဝင်မယား ဖြစ်ခဲ့ပြီ ကျန်ရစ်ခဲ့တဲ့ အမွေပုံကို ပထမ မယား မစ္စစ်မေရီဝိန် တို့နဲ့အတူ အချိုးကျ ခွဲဝေရထိုက်ပါတယ်ဆိုပြီး တရားစွဲတယ်။
မစ္စစ်မေရီဝိန်က ခရစ်ယာန် ထိမ်းမြားခြင်းအက်ဥပဒေအရ တစ်လင်တစ်မယားသာ ရှိရတာဖြစ်လို့ ဒေါ်ကြည်ကြည်ဟာ အမွေရနိုင်တဲ့ တရားဝင် မယား မဟုတ်ပါဘူးလို့ ပြောဆိုကန့်ကွက်တယ်။
အမှုကိုစစ်ဆေးတဲ့ မူလရုံးက ဒေါ်ကြည်ကြည်ဟာ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားမှုနဲ့ အမွေဆက်ခံမှု အက်ဥပဒေပုဒ်မ ၂၀ အရ တရားဝင်လင်မယား အရာမြောက်ကြောင်း၊ ဒါကြောင့် ဦးတင်ဝိန် ရေးခဲ့တဲ့ သေတမ်းစာပျက်ပြယ်ပြီး အမွေပုံကို ဒေါ်ကြည်ကြည် ရထိုက်တယ်တယ် လို့အဆုံးအဖြတ်ပေးထားတယ်။
ဒေါ်ကြည်ကြည်က သူ့ကို (မယားငယ်)လို့ ဆုံးဖြတ်တာကို မကျေနပ်ဘူး။ ဒါကြောင့် အယူခံတက်တယ်။ တစ်ဖက်ကလည်း ဒေါ်ကြည်ကြည်ကို ငါးပုံ နှစ်ပုံပေးတာ မကျေနပ်လို့ အယူခံတက်တယ်။
နိုင်ငံတော် တရားသူကြီးချူပ် ဦးဆောင်တဲ့ စုံညီအယူခံရုံးက အောက်ပါအတိုင်း အဆုံးအဖြတ်ပေးလိုက်တယ်။
မထမ အယူခံကို ဆုံးဖြတ်ခဲ့တဲ့တရားသူကြီးဟာ အက်ဥပဒေကို အတိအလင်း ပြဋ္ဌာန်းထားတာကို ကျော်ပြီး ရှေးစီရင်ထုံးတစ်ချိုကကို ကြည့်ကာ ဒေါ်ကြည်ကြည်ဟာ မယားငယ်မျှသာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ခြင်းဖြင့် အထူးအက်ဥပဒေရဲ့ ရည်ရွယ်ချက်စေတနာကို မျက်ခြည်ပြတ်ခဲ့ကြောင်း၊ အထူး အက်ဥပဒေက ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို (မယားငယ်) တွေဖြစ်အောင် ပြဋ္ဌာန်းပေးထားတာမဟုတ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ယောက်ျားတွေရဲ့ အငယ်အနှောင်းသဖွယ် (သို့) ရှေးဓမ္မသတ်အဆို(တော်ပြောင်) ကျွန်မသဖွယ် နေရတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို အဲဒီဘ၀က လွတ်မြောက်စေပြီး တရားဝင်မယားအဖြစ် ရောက်စေဖို့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ဒီလိုပို့ဆောင်ရာမှာ တခြား ဓလေ့ထုံးတမ်းဥပဒေတွေ၊ တခြားဥပဒေတွေက ဘယ်လိုပဲ ဆိုးထား ဆိုးထား ဖော်ပြတဲ့နည်းအတိုင်း ပေါင်းဖက်နေထိုင်ကြရင်း တရားဝင် ထိမ်းမြားပြီးဖြစ်တယ်လို့ မှတ်ယူရမှာဖ်ြစကြောင်း၊ အမွေဆက်ခံေ၇း စတဲ့ အခွင့်အရေးတွကို မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ရှိစေမယ်လို့ အထူးဥပဒေက လွှမ်းခြုံပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ဖော်ပြထားတယ်။
ပုဒ်မ ၂၀(၁)မှာ (လင်မယားအရာမြောက်မည့် ပေါင်းဖက်နေထိုင်ခြင်း) ရှိရင် အဲဒီဥပဒေအရ ထိမ်းမြားခဲ့ကြတယ်လို့ မှတ်ယူရမှာဖြစ်ကြောင်း၊ လင်မယားဆိုတဲ့ စကားရပ်၊ ထိမ်းမြားဆိုတဲ့ စကားရပ်တွေဟာ မယားငယ်ဘ၀နဲ့ အပ်စပ်တယ် မဆိုနိုင်ကြောင်း၊ ပုဒ်မ (၁၅)မှာ မှတ်ပုံတင်အရာရှိရှေ့မှာ ထိမ်းမြားပုံကို သတ်မှတ်တဲ့အခါ (ကျွန်ုပ်သည် တရားဝင်လင်မယားအဖြစ် ပေါင်းဖက်ပါမည်) လို့ပြောဆိုရမယ်လို့ ဆိုထားကြောင်း၊ တရားဝင်မယားဟာ မယားငယ်မဟုတ်နိုင်ကြောင်း၊ မယားငယ်ကို ထိမ်းမြားတယ်လို့ ဆိုလေ့မရှိကြောင်း ဆက်လက် ဖော်ပြထားတယ်။
မယားငယ်ဆိုတဲ့ စကားဟာ တိကျရှင်းလင်းခြင်းမရှိဘဲ အင်္ဂလိပ်လို ပြန်ဆိုတဲ့အခါ(Lesser wife, Inferior wife) စသည်ဖြင့် ပိုမို ရှုပ်ထွေးကာ ရှေးစီရင်ထုံးတွေ ချွတ်ချော်ခဲ့ခြင်းဖြစ်ကြောင်း၊ အမှန်မှာ မယားအဖြစ်ကို တရားဝင်ရောက်လာတဲ့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးဟာ တခြား တရားဝင် မယားနဲ့ မယားပြိုင်အဖြစ် တန်းတူရည်တူ လင့်အမွေကို ရည်ညွှန်းရင် ပိုပြိး တိကျ မှန်ကန် မှာဖြစ်ကြောင်း၊ မယားကြီး မယားငယ်လို့ ခေါ်ဝေါ်ရင် အဆင့်အတန်းကွာတဲ့ သဘော၊ အခွင့်အရေးခြားနားတဲ့သဘော မှားမှားယွင်းယွင်း ဖြစ်နိုင်ကြောင်း လည်းဖော်ပြထားတယ်။
၁၉၅၄ ခုနှစ် အထူးအက်ဥပဒေက ဗုဒ္ဓဘာသာဝင် မိန်းမကို တရားဝင် ထိမ်းမြားပြီးတဲ့ မယားအဖြစ် အသိအမှတ်ပြုကြောင်း၊ တခြား တရားဝင်မယား ရှိနေရင် မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ တန်တူရည်တူ လင့်အမွေကို ဆက်ခံနိုင်ခွင့်ရှိတဲ့ တရားဝင်မယားပြိုင်အဖြစ်ကို ပေးကြောင်း၊ အထူးဥပဒေက ပေးတဲ့ အခွင့်အရေးကိုတရားရုံးက နုတ်ပယ်လို့မရကြောင်း၊ လင်ဖြစ်သူရဲ့ သေတမ်းစာနဲ့လဲ ဖျက်လို့မရကြောင်း၊ အပြည့်အ၀ ခံစားရဖို့သာရှိကြောင်းပါရှိတယ်။
ဒေါ်ကြည်ကြည်ဟာ ၁၉၅၄ ခုနှစ် အက်ဥပဒေအရ ဦးတင်ဝိန်ရဲ့ မယားအဖြစ်ကို ရောက်ခဲ့ပြီး ဖြစ်တယ်လို့ မူလရုံးနဲ့ ပထမ အယူခံရုံးတွေက တစ်သဘောတည်း တွေ့ရှိကြောင်း၊ ယခုရုံးကလည်း မြင်တွေ့ကြောင်း၊ ဒါကြောင့် ပထမ အယူခံရုံးက လွဲချော်ပြီး ဒေါ်ကြည်ကြည်ဟာ မယားငယ် ဖြစ်တယ်လို့ ဆုံးဖြတ်ထားတာကို ပယ်ဖျက်ရမှာ ဖြစ်တဲ့အကြောင်း ဖော်ပြပါရှိတယ်။
အခွင့်ထူးအယူခံ မစ္စစ်မေရီဝိန်ရဲ့ အယူခံကို ပယ်တယ်။ ဒေါ်ကြည်ကြည်ရဲ့ အယူခံကို စရိတ်နဲ့တကွ ခွင်ပြုလိုက်တယ်။ ပထမ အယူခံရုံး ဆုံးဖြတ်စိရင်ချက်ကို ပယ်ဖျက်လိုက်တယ်။
ဒေါ်ကြည်ကြည်ဟာ ဦးတင်ဝိန်ရဲ့ တရားဝင်မယားအဖြစ် ကျန်ရစ်တဲ့ အမွေပုံထဲက မစ္စစ်မေရီဝိန်နဲ့ ခွဲဝေရပိုင်ခွင့် ရှိသွားတယ်။
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဒေါ်ကြည်ကြည်ရဲ့ ဝေစုဟာ ဦးတင်ဝိန် နဲ့ ပေါင်းသင်းစဉ်က ရခဲ့တဲ့ လက်ထက်ပွား ပစ္စည်ထဲက တစ်ဝက်၊ မပေါင်းသင်းမီ မစ္စစ်မေရီဝိန်နဲ့ ဦးတင်ဝိန်တို့ရဲ့ လက်ထက်ပွားပစ္စည်းထဲက သုံးပုံတစ်ပုံရတယ်။
naywunnaoo(ရေးသားဖော်ပြခြင်းဖြစ်ပါသည်)

၁၉၅၄ ဥပဒေမှာ အားနဲချက်တွေကိုလဲဖေါ ပြမထားဘူး လင်သေသွားတာမဟုတ်ပဲ ရှင်ကွဲ ကွဲတာမျိုးဆိုရင် ပုဒမ၂၅(၁)မှာ ဘာသာခြားလင်က ကွာမပေးရင် ဘာမှလုပမရ
ReplyDeleteပုဒ်မ၅မှာ မြန်မာဗုဒ္ဓဘာသာမ ၁၄နှစ်ကစပြီး ဘာသာခြား အသက်ဘယ်လောက်ကြီးကြီး ဇနီးဘယ်နှစ်ယောက်ရှိရှိ
ReplyDeleteယူ ခွင့်ပေးထားတယ် ပြီးတော့ ဘယ်လူကြီးကမှလဲ လက်မှတ်ထိုးမပေးတော့ သူတို့ဘာသာရေးကျောင်းသွားပြီး ပုဒ်မ၁၅ အရ
ReplyDelete